အရပ်အမောင်းကို ဆုံးဖြတ်ပေးတဲ့ ဟော်မုန်းများ
လူတစ်ယောက်ရဲ့ အရပ်အမောင်းကို မျိုးရိုးဗီဇက ၈၀% ခန့် ဆုံးဖြတ်ပေးတာ ဖြစ်တဲ့အတွက် မိဘအရပ်ရှည်ရင် သားသမီးလည်း အရပ်ရှည်မယ်၊ မိဘအရပ်ပုရင် သားသမီးလည်း ပုမယ်လို့ ယေဘုယျ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါက ပုံသေတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဟော်မုန်းတွေ၊ လူနေမှုအဆင့်အတန်း၊ နေထိုင်စားသောက်မှု ပုံစံနဲ့ အာဟာရတွေက ကျန်တဲ့ ၂၀% ကို ဆုံးဖြတ်ပေးလို့ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ အရပ်အမောင်းကို ဆုံးဖြတ်ပေးတဲ့ ဟော်မုန်းတွေ အကြောင်းကို ပြောပြပေးသွားမှာပါ။
သိုင်းရွိုက်ဟော်မုန်း
လည်ပင်းအရှေ့ဘက်မှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ထုတ်တဲ့ သိုင်းရွိုက်ဟော်မုန်းဟာ ကြီးထွားမှုအတွက် အရေးပါပါတယ်။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ရင် ဆဲလ်တွေက မကြီးထွားနိုင်သလို ဦးနှောက်ကလည်း မဖွံ့ဖြိုးတော့ပါဘူး။ အဲဒီအခါ ဦးနှောက်ရှိ ပီကျူထရီဂလင်းကနေ ကြီးထွားဟော်မုန်းတွေလည်း ကောင်းစွာ မထုတ်နိုင်တော့ပဲ အရိုးရှည်တွေရဲ့ ထိပ်က Growth Plates တွေပိတ်ကာ အရိုးတွေ ကြီးထွားမှုရပ်ပြီး အရပ်လည်း ရှည်တော့မှာ မဟုတ်ပါဘူး။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာကို စောစီးစွာ သိရှိပြီး ကြီးကောင်မဝင်ခင် ဟော်မုန်းအစားထိုးကုသမှု ခံယူနိုင်ရင်တော့ ပုံမှန်အရပ် ပြန်ရှည်နိုင်ပါတယ်။
Growth hormones (ကြီးထွားဟော်မုန်း)
ကြီးထွားဟော်မုန်းကို ဦးနှောက်မှာ ရှိတဲ့ ပီကျူထရီဂလင်းကနေ ထုတ်လုပ်ပေးပြီး သူ့ရဲ့တာဝန်ကတော့ အရိုးနဲ့ ကြွက်သားတွေ တည်ဆောက်ဖို့ ကူညီပေးကာ အရပ်ရှည်စေတာပါ။ နေ့ဘက်တွေမှာ ကြီးထွားဟော်မုန်း ပမာဏက အပြောင်းအလဲ ရှိတတ်ပြီး လေ့ကျင့်ခန်းလုပ်တာက ကြီးထွားဟော်မုန်း ပမာဏကို များစေတာမို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ရင် အရပ်ရှည်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ ကလေးဘဝမှာ ကြီးထွားဟော်မုန်း များနေတတ်ပြီး အများဆုံးအချိန်ကတော့ အပျိုဖော်၊ လူပျိုဖော် ဝင်တဲ့အချိန် ဖြစ်ကာ အရိုးနဲ့အရိုးနုတွေကို ကြီးထွားစေပါတယ်။
တက်စထရိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း)
တက်စတိုစတီရုန်းအမည်ရတဲ့ ကျားဟော်မုန်းကို Testis လို့ခေါ်တဲ့ ဝှေးစေ့ကနေ ထုတ်လုပ်ပေးတာပါ။ သန္ဓေသားဘဝမှာ ထုတ်လုပ်လိုက်တဲ့ ကျားဟော်မုန်းတွေက ကျားလိင်အင်္ဂါတွေ ဖွံ့ဖြိုးဖို့ ကူညီပေးပါတယ်။ လူပျိုဖော်ဝင်ချိန်မှာတော့ ဝှေးစေ့ကနေ ကျားဟော်မုန်းတွေ များပြားစွာ ထုတ်လုပ်ပေးပြီး ကြွက်သားတွေသန်မာလာတာ၊ ရင်အုပ်ကျယ်လာတာ၊ အသားအရေပြောင်းလဲတာ၊ လိင်အင်္ဂါကြီးထွားလာတာ စတာတွေ ဖြစ်လာစေပါတယ်။ ယောကျ်ားလေးတွေ လူပျိုဖော်ဝင်ချိန် ရုတ်တရက် ကြီးထွားပြောင်းလဲမှု အများစုဟာ ကျားဟော်မုန်းကြောင့်ပဲ ဖြစ်ပါတယ်။
အီစထရိုဂျင်ဟော်မုန်း (မဟော်မုန်း)
အီစထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းကို အပျိုဖော်ဝင်ချိန်မှာ သားဥအိမ် (Ovary) ကနေ ထုတ်လုပ်ပါတယ်။ မဟော်မုန်းက သားအိမ်၊ အမျိုးသမီးလိင်အင်္ဂါနဲ့ ရင်သားတွေ ဖွံဖြိုးစေသလို တင်ပဆုံရိုး ဖွံဖြိုးဖို့လည်း ကူညီပေးပါတယ်။ အပျိုဖော်ဝင်ချိန် ပြောင်းလဲကြီးထွားမှုတွေ ဖြစ်စေဖို့ မဟော်မုန်း၊ ကြီးထွားဟော်မုန်းနဲ့ ကျားဟော်မုန်းနဲ့ တူတဲ့ Androstenedione ဟော်မုန်းတွေက စုပေါင်းလုပ်ဆောင်ပေးပါတယ်။
ငယ်ရွယ်စဥ်ကလေးဘဝမှာ နာတာရှည်ရောဂါ ရှိတာ၊ ဦးနှောက်ပီကျူထရီ အကျိတ်ရှိတာ၊ အာဟာရပြည့်ဝအောင် မစားခဲ့ရတာ၊ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာတွေက အရပ်အမောင်းကို ဆုံးဖြတ်ပေးတဲ့ ဟော်မုန်းတွေ နည်းစေပြီး ကြီးထွားမှု ရပ်တန့်ကာ အရပ်ပုစေပါလိမ့်မယ်။
ဒါကြောင့် မိမိရဲ့ သားသမီးတွေကို ကမ္ဘာအဆင့်မီ အရပ်ရှည်စေချင်တယ် ဆိုရင် အာဟာရပြည့်ဝအောင် ကျွေးတာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်စေတာ၊ ဟော်မုန်းချို့တဲ့စေတဲ့ ရောဂါတွေ ရှိမရှိ စစ်ဆေးပြီး အချိန်မီ ကုသတာတွေ လုပ်ဖို့ လိုပါလိမ့်မယ်နော်။
ဒေါက်တာ ယဉ်ရွှေရည်